Knowledge

How to choose an Alternator?

How to choose an Alternator?

မင်္ဂလာပါခင်ဗျ။
ဒိုင်နမိုဆိုတာဘာလဲ???

တိုးတက်လာတဲ့ ခုလိုမျိုးခေတ်ကာလမှာ 
လျှပ်စစ်ဓာတ်အားဟာ လူတိုင်း၊ နိုင်ငံတိုင်း လိုအပ်ချက်ဆိုတာ မှားမယ်မထင်ပါဘူး။
လျှပ်စစ်ဓာတ် ကို နည်းအမျိုးမျိုးနဲ့ ထုတ်လုပ်ဖြန့်ချီနေကြရဦးမှာပါပဲ။
အဲ့ဒီအထဲကမှ ဒိုင်နမို (mechanical energy to electrical energy) တစ်လုံးကို 
ဘယ်လိုရွေးချယ်အသုံးပြု မလဲဆိုတာကို လေ့ခါကြည့်ရအောင်ပါ။
ပြည်တွင်းအသုံးများ ဒိုင်နမိုတွေမှာ အဓိက အုပ်စုကြီးနှစ်ခု ရှိပါတယ်။

1. Carbon-type ac synchronous alternator
2. Brushless alternator
3. Pamenant magnet type

ဒီအုပ်စုတွေရဲ့အောက်မှာ series အခွဲတွေ အများကြီးရှိဦးမှာဖြစ်ပါတယ်။

အခု ကာဗွန်ပါအမျိုးအစားနဲ့ပတ်သက်ပြီး သိသလောက်တင်ပြပါမယ်။

ခုလက်ရှိ မြန်မာပြည်မှာ အသုံးအများဆုံးဒိုင်နမိုတွေကတော့ 4 pole အမျိုးအစားတွေပါ။

4 pole ဆိုတာက ဒိုင်နမိုထဲမှာ သံလိုက်ဝင်ရိုးစွန်း 4 ခုပါတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီသံလိုက်ဝင်ရိုးစွန်း ကို အခြေခံပြီး ဒိုင်နမိုကို လှည့်ပေးရမယ့် အပတ်ရေ ကိုတွက်ယူနိုင်ပါတယ်။

ပုံသေနည်းက #RPM(Revolution Per Minute)= (120×frequency)/ pole number
ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စံသတ်မှတ်ထားတဲ့
လျှပ်စစ်ဓာတ်အားဟာ 230VAC-50 Hz ဖြစ်ပါတယ်။

ဂျပန်မှာဆိုရင် စံသတ်မှတ်ထားတဲ့
လျှပ်စစ်ဓာတ်အားဟာ 100VAC-(50Hz & 60 Hz) ဖြစ်ပါတယ်။

RPM(revolution per minute)= (120×50)/4
=1500 rpm ဆိုပြီး ဒိုင်နမိုရှပ်ကို လှည့်ပေးရမယ့် လည်ပတ်အားကိုရပါတယ်။
မော်တာတွေရဲ့ လည်ပတ်အားကိုလည်း ဒီနည်းနဲ့ တွက်ယူနိုင်ပါတယ်။

ဒါဆိုရင် 4 pole ဒိုင်နမိုအမျိုးအစားတွေ ဟာ 230V-50Hz နဲ့အသုံးပြုနိုင်ဖို့အတွက် 
တစ်မိနစ်လည်ပတ်အား 1500 အပတ်ရေ
ပေးရမယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။
လျော့ပေးရင် ကြိမ်နှုန်းနည်းမယ်။
လည်ပတ်အား ပိုပေးရင် ကြိမ်နှုန်းများမယ်။
ကြိမ်နှုန်းပြောင်းရင် ရေမော်တာတွေ၊ ပန်ကာတွေမှာ 
လည်ပတ်အားတွေ လိုက်ပြောင်းမှာဖြစ်ပါတယ်။

နောက်တစ်ခုက မိမိအသုံးပြုချင်တဲ့ ဗို့အားစနစ်ဟာ 
SINGLE PHASE လား??? , THREE PHASE လား??? ရွေးစရာရှိပါတယ်။

SINGLE PHASE မှာ ဝါယာနှစ်ပင်ထွက်ပါတယ်။
တစ်ပင်က PHASE ကြိုး (အရပ်ခေါ် အပူကြိုး)ဖြစ်ပြီး နောက်တစ်ပင်ကတော့
NEUTRAL ကြိုး (အရပ်ခေါ် အအေးကြိုး)ဖြစ်ပါတယ်။
သင်္ကေတ အနေနဲ့ (N,P) လို့ရေးပါတယ်။
PHASE ကြိုးဟာ သူ့တစ်ပင်တည်းကိုင်ရင်လည်း
ကာကွယ်မှု အားနည်းရင် ဓာတ်လိုက်နိုင်ပါတယ်။
NEUTRAL ကြိုးကတော့ သာမာန်အားဖြင့် ဓာတ်မလိုက်နိုင်ပါဘူး။

THREE PHASE မှာ ဝါယာပင် လေးပင်ထွက်ပါတယ်။
တစ်ပင်က NEUTRAL ကြိုး ဖြစ်ပြီး ကျန်သုံးပင်ကတော့ PHASE ကြိုးတွေ ဖြစ်ပါတယ်။
သင်္ကေတ အနေနဲ့ (N, U, V, W) လို့ရေးပါတယ်။

SINGLE PHASE ဒိုင်နမိုသုံးမလား ???
THREE PHASE ဒိုင်နမိုသုံးမလား ??? ဆိုတာကတော့ 
မိမိရဲ့လုပ်ငန်း လိုအပ်ချက်အပေါ်မှာသာမူတည်ပါလိမ့်မယ်။
တစ်မျိုးစီမှာ မတူညီတဲ့ သုံးစွဲနည်း လမ်းညွှန်တွေ ရှိမှာဖြစ်ပါတယ်။

ဈေးဝယ်တွေ ဒိုင်နမိုဝယ်တော့မယ်ဆို 
အမြဲတန်းမေးနေကျကတော့ ကွိုင်အပြည့်ကြေးကြိုး ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။

ကောင်းပါပြီ ဘယ်ဟာမျိုးကို ကြေးကြိုး၊ 
ဘယ်ဟာမျိုးကို ကွိုင်အပြည့် ဆိုတာကို မိတ်ဆွေ ဘယ်လိုခွဲခြား သတ်မှတ်မလဲ။

ဈေးကွက်ထဲမှာလည်း ပစ္စည်းတွေဟာ တံဆိပ်အမျိုးမျိုး၊ 
ဈေးနှုန်းအမျိုးမျိုး နဲ့ သင့်ကို ထင်ရောင် ထင်မှားတွေ ဖြစ်စေတော့မှာပါ။

ဒီတော့ ကျွန်တော်တို့တွေ ကိုယ်အသုံးပြုမယ့် 
ပစ္စည်းအကြောင်းကတော့ လေ့လာထားမှကို ဖြစ်မယ့်သဘောပါ။

ကိုယ်တိုင်လည်းလေ့လာထားမယ်၊ 
ယုံကြည်စိတ်ချရတဲ့ ဆိုင်လည်းဖြစ်မယ်ဆိုရင် 
အားလုံးပြေလည်သွားမှာ အသေအချာပါပဲ။

ဘယ်လို ဆိုင်မျိုးက ယုံကြည်ရမှာလဲ???
ကုမ္ပဏီ၊ ဆိုင်စသည်ဖြင့် သက်တမ်း၊ အရွယ်အစား၊ ကောင်းသတင်းကျော်စောမှု
စတာတွေကို လေ့လာကြည့်ရင် ရွေးဖို့ သိပ်မခက်နိုင်ပါ။

ဒိုင်နမိုတွေရဲ့ စွမ်းဆောင်ရည်ကို ကီလိုဝပ်(KW) ဒါမှမဟုတ် 
ကေဗွီအေ(KVA) အစရှိတဲ့ယူနစ်တွေနဲ့ရေးလေ့ရှိပါတယ်။

ဥပမာတစ်ခုနဲ့စဉ်းစားကြည့်ရအောင်ပါ။
3KW ဒိုင်နမို တစ်လုံးကို ဘယ်လောက်မြင်းကောင်ရေအားရှိတဲ့ အင်ဂျင်နဲ့ ခိုင်းမလဲ။
ပြီးတော့ ဘယ်လောက်လျှပ်စစ်စီးအား ထုတ်သုံးလို့ရမလဲတွက်ကြည့်ပါမယ်။

3KW=3×1000 = 3000W/VA

P=power စွမ်းအား(KW or KVA) , V= voltage ဗို့အား(v) , I= current လျှပ်စီးကြောင်း(A)
P= V×I 
I= P/V 
I= 3000/230 
I= 13A

ဒီတွက်ချက်မှုအရ 3KW ဒိုင်နမိုတစ်လုံးရဲ့ 
အများဆုံး အသုံးပြုနိုင်တဲ့ လျှပ်စီးကြောင်းဟာ 13A (အမ်ပီယာ) ဖြစ်ပါမယ်။
ဒိုင်နမိုတိုင်းမှာ စွမ်းအင်ဆုံးရှုံးမှု LOSSES ဆိုတာရှိပါတယ်။ 
တံဆိပ်ပြားတွေ မှာတော့ POWER FACTOR လို့ ရေးလေ့ရှိပါတယ်။
POWER FACTOR ရဲ့တန်ဖိုးကို အကြမ်းအားဖြင့် 0.8 လို့စဉ်းစားရင်ရပါတယ်။ 
ထုတ်လုပ်တဲ့ စက်ရုံ အပေါ်မှာ မူတည်ပြီး ဒီတန်ဖိုးဟာ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။
0.8 ဆိုရင် လုံလောက်ပါပြီ။ တနည်း 20% အလျော့တွက် လို့ပြောရင်လည်းမမှားပါဘူး။

I(current)= 13A × 0.8 
I(current)= 10.4A
နောက်ဆုံးတွက်လို့ရတဲ့ 10.4A ဆိုတာဟာ ဒီ 3KW ဒိုင်နမိုရဲ့ 
အန္တရာယ်ကင်းကင်း အသုံးပြုလို့ရတဲ့ လျှပ်စီးကြောင်းပမာဏပဲဖြစ်ပါတယ်။

ခုတစ်ခါထပ် တွက်မှာကတော့ ဒီ 3KW ဒိုင်နမိုကို မြင်းကောင်ရေ 
ဘယ်လောက်အားရှိတဲ့ အင်ဂျင်နဲ့ခိုင်းစေမလဲဆိုတာပဲ ဖြစ်ပါတယ်။

3KW= 3000W/746 = 4 HP
ခုတွက်လို့ ရတာကတော့ 3KW ဒိုင်နမိုတစ်လုံးဟာ 
မြင်းကောင်ရေ 4 ကောင်အားနဲ့ညီတယ်ဆိုတာပါပဲ။

ခိုင်းတဲ့သူနဲ့ အခိုင်းခံရတဲ့သူ ဘယ်သူက အားပိုကြီးပါသလဲ။
ကျောက်ခေတ်ကတော့ ခွန်အားပေါ့ဗျာ။ 
ဒီဘက်ခေတ်ရောက်တော့ ငွေအား၊ ဉာဏစွမ်းအား စသည်ဖြင့် 
ကြီးတဲ့သူကခိုင်းပြီး ငယ်တဲ့သူက အခိုင်းခံရတာ
လောကဓမ္မတာ တစ်ခုပဲမို့လား.....။

ဒီလို 4 ကောင်အားနဲ့ ညီမျှတဲ့ ဒိုင်နမိုကို ခိုင်းဖို့အတွက် 
4 ကောင်ထက်ကြီးတဲ့အင်ဂျင်တော့ ဖြစ်ရတော့မှာပါ။ 
စာမှာတော့ ခိုင်းတဲ့ စက်စွမ်းအားဟာ အခိုင်းခံရတဲ့
စက်စွမ်းအားထက် နှစ်ဆလောက် ပိုကြီးဖို့ တိုက်တွန်းသင်ကြားခဲ့ရပါတယ်။

ဒီနေရာမှာတစ်ခုပြောလိုတာက ၁၀ကောင်အားရှိတဲ့
အင်ဂျင် တစ်လုံးရှိတယ်ဆိုပါစို့။ 
ကမ္ဘာပေါ်မှာ စက်မှုထုတ်ကုန် ထုတ်လုပ်တဲ့သူများရဲ့ မူအရ 
သူတို့ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုသာ 
တံဆိပ်ပြားပေါ်မှာဖော်ပြကြတယ် ဆိုတာကို ကိုယ်တွေက သတိချပ်ဖို့ လိုပါတယ်။

ခုနကပြောခဲ့တဲ့ မြင်းကောင်ရေ 10 ကောင် အင်ဂျင်ဟာ
စက်အသစ်ဖြစ်ရမယ်၊
လီဗာကုန် ဂီယာကုန် တင်ရမယ်၊
ဒါမှသာ 10 ကောင်အားနဲ့ညီမျှတဲ့ စွမ်းအားတစ်ခုထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။
လီဗာတဝက်အောက်ပဲထားပြီး 10 ကောင်
အင်ဂျင်ကြီးနဲ့သုံးတာလေကွာ...ဆိုတဲ့ အပေါက်မျိုးတော့
လုပ်လုပ်မရဘူးဆိုတာ သဘောပေါက်ဖို့လိုပါတယ်။

အင်ဂျင်တစ်လုံးကိုခိုင်းကြတဲ့အခါ လီဗာဆိုတာ
နည်းလွန်းရင်လည်းမကောင်းသလို၊ များလွန်းရင်လည်း
မကောင်းပြန်ပါဘူး။

မိမိအသုံးပြုတဲ့စက်ကို ဘယ်သူကမှ ငယ်သံပါအောင် ခိုင်းချင်ကြမှာ မဟုတ်ပါဘူး။ 
သက်တမ်းတိုမှာလည်းကြောက်ကြတယ်လေ။

အင်ဂျင် တစ်လုံးဟာလည်း တံဆိပ်ပြားပါ စွမ်းအားရဲ့ 
4 ပုံ 3 ပုံလောက်သာ အသုံးပြုသင့်တာဖြစ်ပါတယ်။ 
ဒါမှလည်း သက်တမ်းပြည့် ထိုက်ထိုက်တန်တန် အသုံးပြု
လို့ရမှာဖြစ်ပါတယ်။

ဒီတော့ 4 ကောင်အားနဲ့ ညီမျှတဲ့ 3KW ဒိုင်နမိုကို ခိုင်းဖို့အတွက် 
8 ကောင်(8HP) အားရှိတဲ့ အင်ဂျင်ကို အသုံးပြုရတော့မယ်လို့အဖြေ ထွက်ပါတယ်။

8 ကောင်အားအတိအကျရှိတဲ့ အင်ဂျင်ကို
ဈေးကွက်ထဲမှာလိုက်ရှာရင်တော့ မိတ်ဆွေ ဒီတစ်သက် သုံးရဖို့လမ်းမမြင်တော့ပါ။

ဈေးကွက် ထဲမှာ ကိုယ်လိုချင်တဲ့ မြင်းကောင်ရေအားနဲ့ 
ကွတ်တိကျတာလည်း ရှိနိုင်ပါတယ်။ 
များသောအားဖြင့် အနီးစပ်ဆုံးသာ ဝယ်လို့ရပါလိမ့်မယ်။

ဒါ့ကြောင့် အင်ဂျင် တစ်လုံးရွေးချယ်တဲ့နေရာမှာ အသုံးများတဲ့တံဆိပ်၊ 
အပိုပစ္စည်းအလွယ်တကူရနိုင်တဲ့ အမျိုးအစားကိုရွေးချယ်နိုင်ဖို့လည်းလိုပါတယ်။

ဒီ ဒိုင်နမိုတွေ ကို မှန်ကန်စွာရွေးချယ် အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျွန်တော်တို့ ကျင်းလုံမြန်မာက
ARRMAN အမှတ်တံဆိပ်၊
MATARI အမှတ်တံဆိပ်၊
MDGX အမှတ်တံဆိပ် ကာဗွန်ဆွဲအမျိုးအစား 
ဒိုင်နမို အရွယ်အမျိုးမျိုးကို တင်သွင်းဖြန့်ဖြူးထားပါတယ်။

ဒိုင်နမိုနဲ့ပတ်သက်လို့ ဘော်ဒါတွေအားလုံး အဆင်ပြေကြပါစေခင်ဗျာ...🙏🙏🙏

ကျေးဇူးတင်စွာဖြင့်.....
#ကျင်းလုံမြန်မာ